ခရီးရှည် (မိုင်တိုင်၂၁)
၂၁ ပြည့်တော့မယ့် ကိုနန်းဦးအတွက်တော့
တကယ့် ခရီးအရှည်ကြီးလို့ ပြောချင်ပါတယ်။ ☝️☝️☝️
.
ကျွန်တော်ကတော့ ရောက်တဲ့ နေရာမှာ အကောင်းဆုံး ကြိုးစားတာပဲ။ သို့ပေမယ့်လည်း ကျောင်းဆရာဘဝကနေ ၆လမပြည့်ဘူး ထွက်လိုက်တယ်။
ဒီလိုထွက်လိုက်တာက ဝါသနာမပါလို့ မဟုတ်ဘူး။ အလုပ်လုပ်ရတာ အဆင်မပြေလို့။ ပညာရေးနဲ့ပတ်သက်ပြီး ကျွန်တော် ဘယ်လောက်ရူးသွပ်ခဲ့တယ်ဆိုတာ ကျွန်တော်အသိဆုံးပဲလေ။ ဒါပေမယ့် နယ်ကအမျိုးတွေကတော့ ကျောင်းဆရာအလုပ်က ဂုဏ်ရှိတာပဲ ဘာလို့ထွက်တာလဲ? ရူးနေပြီထင်တယ်။ ဒီကောင် ဘာမှ သုံးစားမရဘူးစတဲ့ သြဘာပေးသံတွေကို ကျောခိုင်းပြီး ရန်ကုန်ကို မိုက်ရူးရဲ ဆန်ဆန် တက်လာတာ။
.
ရန်ကုန်ရောက်စတော့ ပညာရေး ဂျာနယ်တစ်စောင်မှာ အယ်ဒီတာလက်ထောက်အဖြစ်နဲ့ ဝင်လုပ်လိုက်သေးတယ်။ နောက်တော့ အဘွားအိမ်ကိုသွားကပ် အလုပ်လက်မဲ့နဲ့ တစ်ပတ်လောက် ယောင်စိန်ဖြစ်နေတာပေ့ါ။ ကျောင်းဆရာလူထွက်တစ်ယောက်အနေနဲ့ ဘာကိုများရွေးချယ်နိုင်မလဲဆိုပြီး စိတ်ဓာတ်ကျနေတာ။
လိုင်းပေါ်က ခင်မင်တဲ့ အမတစ်ယောက်က အလုပ်ရှာပေးလို့ ads.com.mm မှာ Content Developer အဖြစ် အလုပ်ဝင်ခွင့်ရတာ။ အဲ့တုန်းက အဖြစ်က အတော်ဆိုး အလုပ်လျှောက်တဲ့ CV form ဆိုတာ ချိုနဲ့လားလို့ ပြန်မေးရမယ့် အဆင့်။ အဲ့ အမကပဲ CV form ကူရေးပေးလို့ နို့မို့ဆို အလုပ်ရဖို့မလွယ်ဘူး။ တစ်သက်လုံး ကျေးဇူးတင်နေရတဲ့ အမပါ။
.
အလုပ်ရတော့လည်း ကိုယ်က သူများထက် ၂ဆလောက် ကြိုးစားရတယ်။ ကျောင်းဆရာဆိုတော့ အင်တာနက်ကို ဖုန်းနဲ့လောက်ပဲ သုံးဖူးတာ။ ကွန်ပျူတာဆိုတာလည်း Desktop လောက်ပဲ ကိုင်ဖူးခဲ့တာ။ အင်တာနက် ကုမ္ပဏီဖြစ်တဲ့ ads.com.mm ရောက်တော့ Laptop ဆိုတာကြီးနဲ့ စပြီး ထိတွေ့ရတော့ ယောင်ချာချာပဲ။
.
Facebook ကို ဖုန်းနဲ့သုံးနေကျကောင်က Chrome နဲ့သုံးရတော့ တိုင်တွေပတ်….စာရိုက်တာကနှေး….တစ်ရက်ကို ကြော်ငြာက 110 တောင် တင်ရမှာဆိုတော့ ကိုယ့်လူ နန်းဦးခမျာ ချွေးတွေကို ပျံလို့ပေါ့။
ကံကောင်းတာက ကိုယ်တွေ Team က Head က Heaim Htet Hlaing လူပျော်ကြီး၊ သူများကို ကူညီတတ်တဲ့ သူကြီးမို့သာတော်တော့တယ်။ နောက်ဆရာတစ်ယောက်က Min Cuzn သူက လူသာငယ်တာ အလုပ်က အတော်လုပ်နိုင်လှပြီ။ အဲ့ ဆရာသမားတွေဆီက ပညာကပ်သင်ပြီး အလုပ်အကြောင်းလည်း အတော်ပါးရည်နပ်ရည်ရှိလာကော ads.com.mm ကို ဖျက်သိမ်းတော့မယ်တဲ့။
.
ကိုင်း မခက်ဖူးလား? အလုပ်တစ်ခုမှာ ပျော်မယ်ကြံကာရှိသေး။ လေနှင်ရာလွင့်ရဦးမယ်ပေ့ါ။ ကံကောင်းချင်တော့ အလုပ်က HR က work.com.mm ဘက်မှာ လူလိုတယ် ပြောင်းမလားဆိုပြီး Offer ပေးတယ်။ ရန်ကုန်အထာ မနပ်သေးတာနဲ့ အတူတူ ဆက်လုပ်လိုက်ဦးမယ်ဆိုပြီး work.com.mm ဘက်ရောက်သွားကော။
ဒီတစ်ကြိမ်တော့ ကိုနန်းဦးတို့က အလုပ်အထာနပ်သွားပြီဆိုတော့ သိပ်အခက်အခဲမရှိ။ ပညာအများကြီးရလိုက်တာတစ်ခုက CV ဘယ်လို ရေးမလဲဆိုတာပဲ။ မရဘဲ နေမလား တစ်ရက်ကို CV ၇၀၊ ၈၀လောက် ဖတ်နေရတာကိုး။ Telecom တွေမှာလုပ်တဲ့ Indianဘဲကြီးတွေရဲ့ CV က ဘယ်လို၊ အဖြူကောင်တွေကရဲ့ CVက ဘယ်သင်း စသည်ဖြင့် ရေးနေည်း ချွတ်နည်းတွေ အတုယူခွင့်ရလိုက်တာ။ မကြာပါဘူး work.com.mm လည်း ပိတ်သွားရှာတယ်။
.
အိမ်း အလုပ်နှစ်ခုပြောင်းတာ ကံကောင်းချင်တော့ ၂ခုလုံးက ပိတ်သွားပြီဆိုပြီး အလုပ်အသစ်တွေလျှောက်နေတုန်း မှာပဲ Once in Yangon Hostel ကနေ Communication နဲ့ PR ပိုင်းလုပ်မလားဆိုပြီး Offer ရတယ်။ တကယ်က အစုံသုပ်လုပ်ရတာပါ။ မန်နေဂျာကတော့ ထိုင်းအမျိုးသမီးလေးပဲ။
အလုပ်က Pay rate နည်းပေမယ့် မိသားစုဆန်တော့ တကယ်ပျော်ခဲ့ရတယ်။ Reception က ကိုမင်းရှားတို့၊ အသံကောင်းတဲ့ မသက်တို့၊ ဟင်းချက်ကောင်းတဲ့ မစနိုးတို့၊ ညဘက် Reception က Koko Soe တို့ စသည်ဖြင့် အမြဲအမှတ်ရနေမယ့် လူတွေနဲ့ တွေ့ခဲ့ရတယ်။
.
နောက်ကောင်းတဲ့တစ်ချက်က အင်္ဂလိပ်စာစွမ်းရည်ကို အရောင်တင်ခွင့်ရခဲ့တာ။ ဟိုတယ်ဆိုတော့ မိုးလင်းကနေ မိုးချုပ်ကမ္ဘာ တစ်လွှားက မတစ်ထောင်သားတွေလာကြတာ။ ဟိုး အစ္စရေးပြည်ကကောင်တွေကစလို့၊ ယန်းကီးတွေ၊ ဗီယက်နမ်တွေ၊ အာဖရိကန်တွေ၊ တရုတ်တွေအထိ တစ်ရာ့တစ်ပါးသော English accent တွေကို နားထောင်ရတယ်။
.
သူတို့တွေကို မြန်မာနာမည်တွေ ပေးပစ်ခဲ့သေးတာ။ ကိုယ်အလုပ်ထွက်သွားပြီးနောက်ပိုင်းတောင် မြန်မာနာမည်ပေးတဲ့ သူရှိသေးလား လာလာမေးကြတယ်ဆိုပဲ။ ကိုယ်ကလည်း နေ့နံကိုက် ခေါ်ရလွယ်ရင်ပြီးကောဆိုပြီး မောင်မောင်တို့၊ သန်းနိုင်တို့၊ မြမြဝန်းတို့ ဆိုပြီး လုပ်ပစ်တာ။ သူတို့ကလည်း ပျော်ပျော်ကြီး ရေးမှတ်ကြလေရဲ့။ 😂
.
မနက်ဆို Once In Yangon မှာလုပ်၊ ညဆို Website တစ်ခုအတွက် Part-time Content Writer လုပ်ပြီး နေ့တွေညတွေမှား အိပ်ရေးတွေ ပျက်ခဲ့သေးတယ်။ အဲ့တုန်းကတော့ မာနနဲ့လေ။ အိမ်ကနေ ပိုက်ဆံ ပြန်မတောင်းချင်ဘူး။ အိမ်ကိုပဲ ပြန်ပို့ချင်တဲ့ဆိုတဲ့ စိတ်နဲ့ပေ့ါ။
နောက်ပိုင်း Hlaing Htet Thyarက ရန်ကုန်ကိုသင်တန်းလာတက်တော့ သူက software ရေး ကိုယ်က marketing လုပ်ရင်း Startup ၃၊ ၄ခုလောက် လျှောက်လုပ်ဖြစ်သေးတယ်။ ကိုထက် ကိုလည်း ကျေးဇူး အမြဲတင်ရတယ်။ တလွဲလုပ်တိုင်း မဆူရှာဘူး။ သူ့ကြောင့်ပဲ Digital Marketing ဘက်ကို ပိုစိတ်ဝင်စားသွားတာ…မြန်မာ့ပထမဆုံး အပြာ Bot ကြီးတို့၊ Google Playstore ကို ဖိုက်မယ့် MyanApp Store တို့ software king တို့ စသည်ဖြင့်ပေါ့လေ။ 😂
.
Once In Yangon Hostel မှာလုပ်နေရင်းကနေ ပိုင်ရှင်ကဟိုတယ်ကို Startup တစ်ခုဆီကို ရောင်းတော့မယ်လို့ ပြောလာတော့ ကိုယ်လည်း Digital Marketing ပိုင်းကို ခြေစုံပစ်ဝင်တော့မယ်ဆိုပြီး Agency ဘက်ကူးလိုက်တော့တာပဲ။ မှတ်မှတ်ရရ မိုးတွေစွေနေတဲ့ညနေခင်းမှာ ယုဇနပလာဇာဘေးက ရုံးခန်းမှာ အင်တာဗျူးလိုက်ရတာ။ ရုံးက အောက်ထပ်မှာ ပိတ်စတွေရောင်းပြီး အဲ့ ပိတ်စရောင်းတဲ့ ကောင်တာမှာပဲ အင်တာဗျူးဖြေလိုက်ရတယ်။
Agency life ကို အခုလုပ်နေတဲ့ Digital Dots မှာစတာပဲ။ ဒီကြားထဲ အသေအကြေလေ့လာ။ အများကြီး Test လုပ်ရင်းနဲ့ အခုလို ဟိုစပ်စပ် ဒီစပ်စပ် သိတဲ့ အခြေအနေဖြစ်လာတာ။ အခုလည်း သင်ယူတာကိုတော့ ပစ်မထားဘူး။ ဆရာ့ဆရာတွေဆီကမေး၊ ပြန်အသုံးချ ဒါမျိုးတွေလုပ်ရင်း ခရီးဆက်နေရတာ။ အလုပ်တွေ အများကြီး ဖိလုပ်တော့ စိတ်ဖိစီးပြီး ရုပ်က အိုကျသွားတာ။ တွေ့တဲ့လူတိုင်းက အကိုလို့ခေါ်တဲ့အထိပဲ။ 😂
အခုတော့ အရင်ကထက်စာရင် အသက်ရှူ အများကြီးချောင်သွားပြီ။တကယ်ဆို ၂၁နှစ်အရွယ် ကောင်လေးတစ်ယောက်အနေနဲ့ အဲ့လောက် ဖိစီးစရာမလိုဘူးရယ်။ အိမ်ကထွက်လာတာဆိုတော့ ကျဆုံးလို့မရဘူးဆိုတဲ့ စိတ်နဲ့ တင်းပြီး ကြိုးစားရတာပါပဲ။
လောလောဆယ် လုပ်နေရတဲ့ နယ်ပယ်ကျတော့ အဆုံးအစမရှိ တီထွင်ဖန်တီးခွင့်ရနေတော့ ပျော်နေပါပြီ။ ဘယ်လမ်းကို ဆက်သွားမယ်ဆိုတာလည်း မြင်နေရပြီ။ လာခဲ့တဲ့ လမ်းတစ်လျှောက်မှာ ဒုက္ခတွေ တွေ့တိုင်း ကျောင်းဆရာဘဝက ထွက်ခဲ့တာ မှားပြီလို့ တစ်ခါမှ မတွေးခဲ့မိဘူး။ ဘာလို့ဆို ကိုယ်ရွေးတဲ့ ငရဲပဲလေ။ ကိုယ့်ငရဲမှာ ကိုယ်ပျော်အောင်နေရတာပဲ။