Nan Oo
2 min readJun 16, 2019

--

စက်ဘီးစီးတဲ့ CEO

ဆီလီကွန်တောင်ကြားက နည်းပညာ ကုမ္ပဏီတွေရဲ့ နာမည်တွေကြားတိုင်း ကျွန်တော့စိတ်ထဲ ကြက်သီးတဖြန်းဖြန်းထလေ့ရှိတယ်။ သူတို့ရဲ့ အောင်မြင်မှုတွေ…အောင်မြင်မှုတွေ…အောင်မြင်မှုတွေ…။ ဒါတွေကိုပဲ ကျွန်တော့မျက်လုံးထဲမှာ ပေါ်နေလေ့ရှိတယ်။ ဇူကာဘတ်က ဘယ်လို ကုဒ်တွေရေးတာတော်တာ။ စမတ်ကျတာ။ Air BnB က ဘယ်လို ဖွံ့ဖြိုးနှုန်းမြန်တာ။ တွစ်တာကဘယ်လို။ လင့်ခ်ဒင်က ဘယ်ချမ်းသာ စသည်ဖြင့်ပေါ့။ တစ်နေ့တော့ အဲ့လို နည်းပညာ Company မျိုးမှာ အလုပ်လုပ်နိုင်ရမယ်ဆိုပြီးတေးနေတာ ကြာပါပြီ။

ဒီလိုနဲ့ ရန်ကုန်မြို့ လမ်း ၅၀ bar က ဘာသာ စကား ဖလှယ်တဲ့ မန်ဒိုလင်ဂိုပွဲတစ်ခုမှာပေ့ါ မိတ်ဆွေတစ်ယောက်က ဆက်တိုက်ဆိုတဲ့ ကုမ္ပဏီငယ်လေးအကြောင်း ပြောပြပြီး CEO ဆိုသူနဲ့ မိတ်ဆက်ပေးရှာပါတယ်။ ဒီလူငယ်ဟာဖြင့် ကလေးချမ်းသာ ( rich kid ) တစ်ဦးမို့လို့ အခုလို ငယ်ငယ်ရွယ်ရွယ်နဲ့ ကိုယ်ပိုင် ကုမ္ပဏီ ထောင်နိုင်တာနေမှာပဲလို့ စိတ်ထဲက တွေးနေမိသေးတယ်။ CEO ဖြစ်သူကလည်း ဆက်တိုက်ကုမ္ပဏီအကြောင်း အာပေါင် အာရင်း သန်သန်နဲ့ ရှင်းပြတယ်။

မြန်မာ့ပထမဆုံး On-Demand Platform တစ်ခုဖြစ်ကြောင်း၊ အဲကွန်း၊ လျှော်စက် ဘာပဲပျက်ပျက် ဆက်တိုက်ကို ဖုန်းဆက်ဖို့ အကြောင်းတွေပေ့ါ။ အဲ့ဒီအထိတော့ ကျွန်တော်လည်း သိပ်စိတ်မဝင်စားသေးဘူးခင်ဗျ။ ပြောရင်းပြောရင်းနဲ့ ဆက်တိုက်က Grab လိုမျိုး (ကိုယ်ပျက်နေတာတွေ ပြင်ချင်တဲ့အခါ ခေါ်လို့ရတဲ့) Platform ဆိုတော့ နည်းနည်း ပိုစိတ်ဝင်စားသွားတယ်။

Grab ကြောင့် တက္ကစီတားစီးရတာ၊ ဈေးစကားပြောရတာတွေ အများကြီးသက်သာသွားတယ်လေ။ တစ်ခါတစ်ခါဈေးနည်းနည်းကြီးတာကလွဲလို့ပေါ့။ ပြောရင်း Grab အကြောင်းတွေ ရောက်ကုန်ပြီ လိုရင်းပြန်ဆက်ရရင် သူတို့ရဲ့ Platform ဆိုသဟာကြီးကိုတော့ဖြင့် စိတ်ဝင်စားသွားတယ်ပဲဆိုကြပါစို့ရဲ့။ အဲ့တာနဲ့ သူတို့ဆီမှာ Website နဲ့ App ကို တရားဝင်ကြေငြာဖို့ရှိကြောင်းနဲ့ Digital Marketing အပိုင်းလူလိုနေကြောင်းရိပ်မိလိုက်တယ်။ ကျွန်တော်ကလည်း အားလပ်ချိန်လေးတွေရှိနေတာနဲ့ ဆက်တိုက်မှာ ပူးပေါင်းပါရစေလို့ စကားဦးသန်းကြည့်လိုက်တာပေ့ါ။

၂ရက် ၃ရက် အကြာမတော့ CEO လူငယ်လေးက ရုံးခန်းကို လာဖို့ ဖိတ်ပါတယ်။ Rich Kid လူငယ်လေးရဲ့ ရုံးနေရာက Seed Space ပါကလား။

ရုံးရောက်သွားတော့ ဟောခန်းကြီးထဲ ခုံလေးတွေ အစီအရီနဲ့ လူတစ်ချို့ အလုပ်လုပ်နေတာတွေ့ရတယ်။ အော် ရန်ကုန်ရဲ့ ဆီလီကွန်တောင်ကြားပါလားလို့ တွေးမိသေး။ အစည်းအဝေးလုပ်ဖို့ ချပေးထားတဲ့ ခုံလေးမှာ ထိုင်ပြီး CEO ဆိုသူကို စောင့်နေလိုက်တယ်။ “ကိုနန်းဦးရောက်လာပြီကိုး” ဆိုပြီး ခပ်ပြုံးပြုံးနဲ့ သူကဝင်လာပါတယ်။

“ဒီ ကလေးချမ်းသာက တယ်ဖော်ရွေလှပါလားလို့ “ကျွန်တော့ စိတ်ထဲမှာတောင် တွေးမိသေး။ ကော်ဖီတစ်ကျိုက်ကျိုက်လိုက်…………. ဆက်တိုက်အကြောင်းရှင်းပြတာနားထောင်လိုက်လုပ်ရင်း CEO ကသူ့အကြောင်းတွေပါ ပြောပြလို့ နားထောင်လိုက်ရသေးရဲ့။ ပဲခူးကလာတာဖြစ်ကြောင်း၊ အင်ဂျင်နီယာ ဘွဲ့ရထားကြောင်း အခု ရန်ကုန်မှာ ယုံကြည် ရူးသွပ်တဲ့ ကုမ္ပဏီလေးထောင်ပြီး အလုပ်လုပ်နေကြောင်းတွေပေ့ါ။

ဟိုက်ရှားဘား…. လွဲသမှ တက်တက်စင်အောင် လွဲတာပေ့ါ။ ကျွန်တော်ထင်နေတာက CEO သည် လူချမ်းသာ…လူချမ်းသာသူများသာ CEO ဖြစ်နိုင်သည်ပေ့ါ။ မိဘနောက်ခံ ဘက်ဂရောင်း ကာလာဘာညာ ကောင်းတယ်ထင်နေတာလေ။ အခုတော့ ကိုယ်လိုသူလို သာမန်လူငယ်လေးတစ်ဦးက အခုလို နည်းပညာကုမ္ပဏီကို ဦးဆောင်ပြီး လုပ်နေတာဆိုပဲ။

အဲ လူကသာ ငယ်တာဗျ။ အလုပ်မှာတော့ တိကျသလားမမေးနဲ့။
ကိုနန်းဦးက ဘယ်အပိုင်းတွေကို အဓိကကူမှာလဲ။ ဘယ်ရက်စမှာလဲ အစရှိတဲ့ W နဲ့စတာတွေချည်း လှိမ့်မေးတာ။ ကျွန်တော်လည်း ဟိုလို ဒီလို Run မယ်။ ဘယ်လို Content တွေ၊ ကြေငြာတွေ လုပ်မယ်ဘာညာ Digital Marketing သမားတို့ ထုံးစံအတိုင်း ဝါယောဓာတ်ကောင်းကောင်းနဲ့ပြောတာပေ့ါ။ ပြောရင်းနဲ့မှ ညနက်လာတော့ ကိုနန်းဦးကို ကျွန်တော်လိုက်ပို့မယ်လို့ CEO ကပြောပါတယ်။

အိုခေပေ့ါ။ ရုံးအောက်ကို ဆင်းပြီး စောင့်နေတုန်း CEO ကသူ့ရဲ့ လက်စွဲတော် စက်ဘီးကို ထုတ်လာပါတယ်။ ကိုင်းလာဗျာတဲ့။ ဆူးလေကျော်ကျော်အထိတော့ ကျွန်တော်လိုက်ပို့နိုင်ပါတယ်တဲ့။ ကဲ မခက်ပေဘူးလား။ CEO တိုင်းဟာ လူချမ်းသာမဟုတ် ကြိုးစားနေသူများသာလို့ အခုမှသိတော့တယ်။ ဘာပဲဖြစ်ဖြစ် စက်ဘီးစီးတဲ့ CEO ရဲ့ ကုမ္ပဏီငယ်လေးကိုတော့ ကျွန်တော် Join ခဲ့ပါပြီ။

Zeddite’s CEO Nyan Lin Htet

--

--